ရောင်နီမရောက်ခင် အချိန်လေး
အေးစက်စက်မြူတွေဝိုင်းနေတယ်
နံစော်ညစ်ပတ်နေတဲ့ နောက်ဖေးလမ်းကြားလေးမှာ
ရောက်လုဆဲအာရုဏ်အလင်းကိုမြင်နိုင်ဖို့မသေချာတော့တဲ့
လူတစ်ယောက်နဲ့ရပ်ခါနီးအသက်ရှူသံတစ်ခု
ညည်းတွားဖို့တောင်အသံမဲ့လို့
အဖိုးမကြီးတဲ့ မောင်းကွင်းလေးကိုကြမ်းတမ်းတဲ့လက်နဲ့ဆုပ်ကိုင်ရင်း
ရိုင်းစိုင်းတဲ့ ကံကြမ္မာတွေမရောက်ခင် အချိန်လေးတွေးရင်းယောင်ယမ်းစွာပြုံးမိ
ဝေဝေဝါးဝါး မြင်တာတွေငေးရင်းနဲ့
မြင်ယောင်မိတဲ့ မျက်နှာလေးနဲ့ တမ်းတမိတဲ့အပြုံးရိပ်
စုတ်ပြတ်သပ်ပြိုလဲချိန်ကျမှ
မထင်မှတ်ထားတဲ့ရက်စက်မှုတွေနဲ့နားမလည်နိုင်တဲ့ ပြတ်သားမှုတွေကြောင့်
အသုံးမဝင်တော့တဲ့ ဂတိတွေကဘဲ
သစ္စာတရားကိုအရောင်ပြယ်စေသလားမသိ
အရေရှုံ့နေတဲ့ မျက်ခွံအောက်ကစီးကြောင်းရဲ့တရားခံက
မောဟလား မာနလား မသိပေမဲ့ နောက်ဆုံး အချိန်ထိမျှော်လင့်ဆဲ
တိတ်ဆိတ်သွားတဲ့အခါ
လေပြင်းကြောင့်လွင့်လာတဲ့အမှိုက်တွေရယ်
ဆုံးခန်းမတိုင်ခဲ့တဲ့အိမ်မက်ရယ် မြင်ယောင်မိတဲ့မျက်နှာလေးရယ်
ပြုတ်ကျသွားတဲ့သတ္တုကွင်းလေးရယ်
ပေါ်ထွက်လာတဲ့ရောင်နီရယ်
ဘာကိုမှသူမသိနိုင်တော့ဘူးပေါ့….
(၂၀ ဇန္နဝါရီ ၂၀၀၈)တနင်္ဂနွေနေ့ (1:06 pm)
No comments:
Post a Comment