Sunday, April 4, 2010

မြူရနံ့

မြူဝိုင်းတဲ့မနက်ခင်းရယ်
မျက်နှာကိုရိုက်ခတ်တဲ့မြူနဲ့အတူ အတွေးစတွေကို ဘာလို့ယူလာရတာလဲ
မြူထူတဲ့နေ့ကအေးချမ်းပါတယ်
အအေးကြိုက်တဲ့ငါက မြူထူတဲ့နေ့ကိုမလိုချင်မိဘူး
အေးမြတဲ့မြူရဲ့ရနံ့က ငါ့ရင်ကိုပူစေလို့ပါ
မြူမှုန်လေးတွေပေါင်းထားတဲ့ နှင်းရည်စက်တွေက ငါ့မျက်လုံးမှာတွဲလဲခိုလို့ပေါ့
စစ်မှန်တဲ့ဆန္ဒနဲ့ဆုတောင်းရင် ပြည့်တယ်တဲ့
အရင်းခံစိတ်နဲ့ ဆုတောင်းတယ်
မြူကြိုက်တဲ့ကောင်လေးတစ်ယောက်
မြူတွေအရမ်းထူတဲ့ဒီနေ့ကစပြီး အမြဲထာဝရပျော်ရွှင်နိုင်ပါစေလို့ပေါ့
လူသားတိုင်းရဲ့စိတ်တွေအေးချမ်းနေရင်ဘယ်လောက်ကောင်းမလဲနော်
ငါ အေးချမ်းချင်တယ်…
(၂၉ ဇန္နဝါရီ ၂၀၀၉) ကြာသာပတေး
    

အတွေးစများ

ရုတ်တရက်ရောက်လာတတ်တဲ့ ကိုယ်သင်းနံ့လေးရယ်
မင်းကိုမျက်လုံးထောင့်နားလေးက ခိုးမကြည့်ချင်တော့ဘူး
မင်းရဲ့တေးညည်းသံသဲ့သဲ့လေး ကိုလည်း ခိုးနားမထောင်ချင်တော့ဘူး
မင်းအတွက်နဲ့ ငါ့အတွက်ဆိုတဲ့အတ္တတွေကို ခွာချချင်နေတယ်
မင်းအတွက်နဲ့ဘဲ ငါ့ရဲ့ဆင်ခြင်ထိန်ချန်မှုတွေကို ဂျောင်ထိုးထားချင်မိတယ်
အကောင်းဆုံးသောဆန္ဒတွေနဲ့ နင့်ရဲ့အပြုံးတွေကို ဖန်တီးချင်မိတယ်
မင်းကိုပျော်နေစေချင်မိတာ ငါ့စိတ်ရင်းနဲ့ပါ
ငါ့အင်္ကျီပခုံးစွန်းမှာကျန်နေခဲ့တဲ့ဂျယ်နံ့လေးရယ်
ငါတစ်ယောက်တည်းရှိတဲ့အချိန်တွေမှာ
မြင်ယောင်နေတာတွေ နည်းနည်းဖြစ်ဖြစ်လျှော့ပေးပါလား
ငါကလေ ပက်ကျိတွေကိုမကြိုက်ဘူးဟ
(၁၅ အောက်တိုဘာ ၂၀၀၈)သောကြာ

Love Means...

အချစ်ကဘာလဲ
ရယူခြင်းလား ပေးဆပ်ခြင်းလား
ဒါမှမဟုတ် ပိုင်ဆိုင်ခြင်း လား စွန့်လွှတ် အနစ်နာခံခြင်းလား
ဒါမှမဟုတ် တပ်မက်ခြင်း အတွက် နာမ်စားလှလှလေးလား
ရှုထောင့်မျိုးစုံက အမျိုးစုံလှတဲ့အဓိပ္ပါယ်တွေပေါ့၊
ငါ့အတွက်ကော
အချစ်ဆိုတာလားတော့ မသိ
အတွေးထဲမှာ အမြဲတမ်း အချိန်တိုင်း ရှိနေတယ်
သူကို ကိုယ်ခေါင်းထဲမထည့်ဘဲနဲ့ကို သူက ရောက်နေတာမျိုးပေါ့
ကိုယ်အနားမှာ အမြဲရှိနေသလိုမျိုး
သူ့စိတ်မှာကိုယ်ရှိနေနေ မနေနေ
သူကိုယ့်အနားမှာ ရှိနေနေ မနေနေ
သူကိုယ့်ကို အလေးထားထား မထားထား
ကိုယ်နဲ့ မဆိုင်ဘူး၊
ကိုယ့်စိတ်မှာ သူအမြဲတမ်းရှိနေတယ်…
ကိုယ့်အနားမှာ သူအမြဲတမ်းရှိနေတယ်…
ကိုယ်က သူ့ကို အမြဲအလေးထားတယ်…
ကိုယ်လုပ်သမျှ အရာတိုင်းက သူနဲ့ သက်ဆိုင်နေတယ်
အိပ်တဲ့ အချိန်တောင် အိမ်မက်ထဲမှာ ရှိနေသေးတာ…

ငြိတွယ်ခြင်း

အကန့်သတ်မရှိတဲ့တွယ်တာမှုတွေနဲ့
ငြိတွယ်လာတဲ့ကြိုးတွေ
ငါမက်မောစွာမြတ်နိုးနေမိတယ်
ငါတမ်းတရင်းနဲ့ပိုက်ထွေးထားမိတယ်
ငါ့အချစ်ရဲ့အတ္တတွေကြောင့်ပေါ့
ဖြစ်သင့်တာနဲ့ဖြစ်ချင်တာ ထပ်တူမရှိတဲ့အခါ
ဘယ်သူ့ကိုပေါက်ကွဲပစ်ရမလဲ
လမ်းလျှောက်ဖို့တောင်အားမရှိသလိုစကားလည်းမပြောချင်ဘူး
ခေါင်းထဲက ခေါက်ရိုးကျိုးနေတဲ့ အတွေးတချို့ ငါ့ကိုသရော်နေကြတယ်
အလိုလိုနေရင်း နှုန်းခွေနေမိတယ်
ကောင်းကင်ကပြုံးတယ်၊ ကြယ်ကမျက်စိမှိတ်တယ်၊ ငါ့ကိုများလှောင်လေသလား
ငါ့ရဲ့အပြစ်တွေပေါ့
အပြစ်တစ်ခုကို ငါကိုယ်တိုင်ဘဲ ဖန်တီးမိခဲ့လေသလားမသိ…။
( ၁၃ ဇန္နဝါရီ ၀၈)

လရိပ်

ငါကမင်းရဲ့လရိပ်တဲ့လားကောင်လေးရယ်
အေးချမ်းတည်ငြိမ်တဲ့လရိပ်တဲ့
လက်တွေ့မှာ အသုံးမကျတဲ့စကားတွေကို ငါစိတ်မဝင်စားဘူး
နေအလင်းကြောင့်သာလင်းနေရပြီး
ကိုယ်ပိုင်အလင်းမဲ့တဲ့အရံဂြိုလ်တစ်စင်းကိုလည်းငါသဘောမကျဘူး
နင်နဲ့ငါကြားကစိတ္တဇနာမ်တစ်ခု
နင်သိနေတယ်၊ ငါသိနေတယ်၊ အိမ်မက်တွေသိနေတယ်
ထိတွေ့မရ လက်တွေ့မကျတဲ့ အရာတစ်ခုကို မစွဲလမ်းချင်ဘူး
ပြင်ဆင်ထားရမဲ့အနာဂတ်တစ်ခုအတွက်
ငါတော့ အမြင့်ဆုံးကိုပျံသန်းချင်မိတယ်
နောက်ဆံတင်းဝေဝါးတာမျိုးကို ငါမကြိုက်ဘူး
အသက်ရှင်နေသမျှ တောင်ပံရှိနေသမျှ
ငါ့ခွန်အားရှိနေသမျှ
ရှင်သန်ခြင်းရဲ့အဓိပ္ပါယ်တွေအတွက်
ငါ့အိမ်မက်တွေဆီကို မရပ်တန့်ဘဲပျံသန်းနေမယ်…
(၁ ဇန္နဝါရီ ၀၈)

ရှူံးနိမ့်မှုရဲ့နိဂုံး

ရောင်နီမရောက်ခင် အချိန်လေး
အေးစက်စက်မြူတွေဝိုင်းနေတယ်
နံစော်ညစ်ပတ်နေတဲ့ နောက်ဖေးလမ်းကြားလေးမှာ
ရောက်လုဆဲအာရုဏ်အလင်းကိုမြင်နိုင်ဖို့မသေချာတော့တဲ့
လူတစ်ယောက်နဲ့ရပ်ခါနီးအသက်ရှူသံတစ်ခု
ညည်းတွားဖို့တောင်အသံမဲ့လို့
အဖိုးမကြီးတဲ့ မောင်းကွင်းလေးကိုကြမ်းတမ်းတဲ့လက်နဲ့ဆုပ်ကိုင်ရင်း
ရိုင်းစိုင်းတဲ့ ကံကြမ္မာတွေမရောက်ခင် အချိန်လေးတွေးရင်းယောင်ယမ်းစွာပြုံးမိ
ဝေဝေဝါးဝါး မြင်တာတွေငေးရင်းနဲ့
မြင်ယောင်မိတဲ့ မျက်နှာလေးနဲ့ တမ်းတမိတဲ့အပြုံးရိပ်
စုတ်ပြတ်သပ်ပြိုလဲချိန်ကျမှ
မထင်မှတ်ထားတဲ့ရက်စက်မှုတွေနဲ့နားမလည်နိုင်တဲ့ ပြတ်သားမှုတွေကြောင့်
အသုံးမဝင်တော့တဲ့ ဂတိတွေကဘဲ
သစ္စာတရားကိုအရောင်ပြယ်စေသလားမသိ
အရေရှုံ့နေတဲ့ မျက်ခွံအောက်ကစီးကြောင်းရဲ့တရားခံက
မောဟလား မာနလား မသိပေမဲ့ နောက်ဆုံး အချိန်ထိမျှော်လင့်ဆဲ
တိတ်ဆိတ်သွားတဲ့အခါ
လေပြင်းကြောင့်လွင့်လာတဲ့အမှိုက်တွေရယ်
ဆုံးခန်းမတိုင်ခဲ့တဲ့အိမ်မက်ရယ် မြင်ယောင်မိတဲ့မျက်နှာလေးရယ်
ပြုတ်ကျသွားတဲ့သတ္တုကွင်းလေးရယ်
ပေါ်ထွက်လာတဲ့ရောင်နီရယ်
ဘာကိုမှသူမသိနိုင်တော့ဘူးပေါ့….
(၂၀ ဇန္နဝါရီ ၂၀၀၈)တနင်္ဂနွေနေ့ (1:06 pm)

လေလွင့်နှလုံးသား

ဆောင်းတွင်းပေမဲ့လည်း
ချမ်းစိမ့်အေးမြမှုလေးတောင်ငါ့ရင်ဘတ်မှာ မခံစားမိဘူး
နှင်းထူလို့များ ပျောက်နေတယ်ထင်ရဲ့
အရိုးစိမ့်အောင်အေးတဲ့လေက
မီးတောက်နေတဲ့ ငါ့ရင်ခွင်ကို မနှစ်သိမ့်နိုင်ကြဘူး
ပါးပေါ်က မျက်ရည်တွေ ခဲကုန်ပြီ
ကျကွဲခဲ့တဲ့ အိမ်မက်ငယ်က ဒါဏ်ရာ ဗလပွနဲ့ အနားတွေ ပဲ့လို့
စုတ်ပြတ်ကြေမွနေတဲ့ မျှော်လင့်ချက်မျှင်မျှင်လေးကိုပိုက်လို့
ယိုင်လဲတော့မဲ့ဘဝမှာ အနည်ကျချင်နေပြီ
ငါ ပျော်ဝင်မိတဲ့ အပြုံးလေး အတွက်နဲ့တင်
လောကကြီးကို ဘောင်ခတ်ထားရဲတယ်
ငါ့ဘဝကို လှေကားထစ်တစ်ခု အဖြစ်နင်ပျော်မယ်ဆိုရင်တောင်
ငါ့ကိုတိုက်စားနေတဲ့ ပါးစပ်တွေကိုမေ့ထားရဲတယ်
တန်ဖိုးမဲ့ရင်ခွင်က နှလုံးသားကို ရိုက်ခွဲခဲ့ရင်တောင်
စီးကျလာမဲ့ ငါ့နှလုံးသွေး တွေက ပြောနေလိမ့်မယ်
နင့်ကိုချစ်တယ်လို့
(၁ ဇူလိုင် ၂၀၀၇)

ကြည်နူးခြင်း

ထိကရုန်းလေးတွေ အိပ်ကုန်ပြီ
ငှက်ကလေးတွေအိပ်တန်းတက်ကြပြီ
လေထဲမှာ ညမွှေးပန်းနံ့လေးသင်းလို့
မော့ကြည့်လိုက်တော့ တိမ်ကင်းတဲ့ကောင်းကင်မှာ
ကြယ်လေးတွေက ငါ့ကိုမျက်စိမှိတ်ပြတယ်
လကွေးကွေးလေးက ကောင်းကင်ရဲ့ အပြုံးတစ်ခုလို ခံစားရတယ်
အဖြူရောင်အပြုံးပေါ့၊ ဆင်စွယ်ရောင်အပြုံးလေးတစ်ခုကိုလည်းသတိရမိရဲ့
ညလေအေးကို ရှုရှိုက်ရင်း
သစ်ရွက်လှုပ်သံကိုနားထောင်ရင်း ကြယ်တွေကို ရေတွက်ရင်း
ကောင်းကင်ကိုပြုံးပြရင်း ကြည်နူးလိုက်တာ
ငါ့ရင်ဘတ်ထဲက အေးချမ်းမှုနဲ့အတူ
အရာရာဟာလှပနေလေရဲ့
အားလုံးကိုကျုံးပြီး သေတ္တာထဲထည့်ပိတ်ပြီး
ဘယ်သူမှ မဖျက်ဆီးနိုင်အောင် သိမ်းထားချင်မိတယ်
မွေးစက မြေကြီးထဲ မရောက်ခင် အချိန်လေးအတွင်း
မာနတွေမြိုချပြီး ကိုယ်ချင်းစာတရား ထားကြရင်
လောကကြီးက သေတ္တာလေးကို သိမ်းခွင့်ပါမစ် ချပေးမှာပေါ့
(၂၆ မေ ၂၀၀၇)

ပိုးစုန်းကြူးပုံရိပ်များ

ရင်ဖတ်တစ်ခုလုံး ခဲဆွဲခံနေရသလို
ဟိုအရင် အရိပ်တွေက ဟိုနားပေါ်လိုက် ဒီနားပေါ်လိုက်နဲ့
ကျောက်ခဲကို ရေထဲပစ်ချပြီးမှ ပြန်ပေါ်လာပါစေ ဆုတောင်းနေမိသလို
တစ်နေ့တာ အဓိပ္ပါယ်မဲ့နေတယ်
ဝဲနေတဲ့ မျက်ရည်တွေ မြိုချရတာ ဗိုက်တင်းနေပြီ
ချော့ကလက်ကစားရတာ ချိုပေမဲ့ဆေးသကြားက ဘာလို့ခါးရတာလဲ
ဒဏ္ဍာရီဆန်ဆန် စိတ်ကူးယဉ်လို့ကောင်းတဲ့ကြယ်လေးတွေက တကယ်ခူးလို့မရသလို
လရောင်ဆန်းတဲ့ ပေါင်မုန့်ကလည်း ဘယ်ချိုပါ့မလဲ
လေထဲတိုက်အိမ်ဆောက်ရတာကတော့ ပျော်ဖို့ကောင်းပါရဲ့
တိတ်တိတ်လေးငိုတတ်တဲ့ ပိုးစုန်းကြူးတစ်ကောင် အကြောင်းကို
ကြယ်တွေလတွေက မသိနိုင်သလို
ဘယ်သူမှလည်း မသိနိုင်ပါဘူး
(၇ ဇူလိုင် ၂၀၀၇)

မေလေး

မေလ လေးရက်နေ့
မိုးတွေအရမ်းသည်းတဲ့နေ့တစ်နေ့
ရင်ဖတ်တစ်ခုလုံး ငလျင်လှုပ်
နှလုံးသွေးတွေ ပြောင်းပြန်များစီးနေသလား
မခံစားနိုင်ပေမဲ့ မာနက တူတလှည့်ဖြစ်ချင်နေတယ်
အရမ်းတွေ့ချင်နေပေမဲ့လည်းထီးနဲ့ကွယ်ထားလိုက်တယ်
ထီးပိတ်ပြီး ပြေးထွက်သွားချင်မိပေမဲ့
ဝေ့တောင်မကြည့်ဖြစ်ခဲ့ဘူး
ငါ့မသိခြင်းတွေနဲ့ ထုပ်ထားတဲ့ကဗျာတွေကို
မာနနဲ့ရောဖျော်သောက်လိုက်မယ်
နာကျင်သွားမှာကိုသိရဲ့သားနဲ့မြိုချလိုက်မိတယ်
နာကျင်သွားပေမဲ့လည်း မျက်ရည်တွေနဲ့ ပြုံးနေလိုက်မယ်
နေမကောင်းဖြစ်မှာတစ်ခုဘဲ စိုးရိမ်မိတယ်
ထီးတော့ဆောင်းသင့်တာပေါ့
နင်ရူးနေလား
(၄ မေ ၂၀၀၇)

ထွက်သွားပေးပါ

တိတ်တိတ်လေးကျလာတဲ့ မျက်ရည်စတွေကို
ဟန်ဆောင်အပြုံးရဲ့နောက်မှာဝှက်ထားလိုက်မိတယ်
တချို့သော မွန်းကျပ်မှုတွေအတွက်နှစ်သိမ့်စကားတွေလိုချင်မိတယ်
ငါဘယ်သူ့ကိုသွားပြောရမလဲ မေမေ့ကိုလား
တကမ္ဘာလုံးက ငါ့ကို ဟားတိုက်နေကြမလား
နာကျင်နေတဲ့ငါက ပျော့ညံ့တဲ့သူတစ်ယောက်မဖြစ်ချင်ဘူး
အရင်လို နေ့ရက်တွေထဲမှာ
ပေါ့ပေါ့ပါးပါး ရှင်သန်ချင်မိတယ် အရင်လိုပေါ့
မရမက လှုပ်နှိုးထားတဲ့ နှလုံးသားတခုရဲ့ ရှင်သန်မှုကို ဂူပိတ်ပစ်မလို့လား
ဘာလို့များနှိပ်စက်ရတာလဲ
ငါကိုအလဲမထိုးပါနဲ့
ငါ့မျက်ရည်တွေကိုနှမြောမိလို့ပါ
ကျေးဇူးပြုပြီးတော့
နင်ထွက်သွားပေးပါ ကျေးဇူးပြုပြီး
(၁၀ မတ် ၂၀၀၇)

အသုံးမကျခြင်း

နင်သာသစ္စာတရားကိုကိုးကွယ်ခဲ့ရင်
ငါလည်းနင့်ဖက်လူဖြစ်လာမှာပါ
ငါထင်ခဲ့တယ်မပြောင်းလဲတတ်တဲ့သီအိုရီတစ်ပုဒ်လို့
ဝန်ခံပါတယ်ရူးမိုက်မိတယ်လို့
ငါတစ်ယောက်ထဲ
သံစဉ်နဲကတေးသွားပေါင်းပြီးသီချင်းတွေအဖြစ်စိတ်ကူးယဉ်ခဲ့တယ်
အချိန်ဆိုတာကိုခေါင်းထဲမထည့်ဘဲမသေချာတဲ့အနာဂတ်ကိုယုံခဲ့မိတယ်
မှန်းထားတာတွေလွဲမှာကိုအိမ်မက်တောင်မမက်ဖူးတဲ့ငါ့ကို
သင်ခန်းစာတွေပေးလိုက်တာလား
ငါ့အပြစ်ပါအားလုံးကငါ့အမှားပါ
နင့်သစ္စာကိုယုံနေချင်သေးတယ်
ဒါပေမဲ့ငါ့မာနကကန့်ကွတ်နေလေရဲ့
(ဒီဇင်ဘာ ၂၀၀၆)

ငါ ပင်ပန်းနေပြီ

အဆုံးမဲ့ညည်းခြင်းတွေနဲ့စိတ်အတွင်းခန်းထဲမှာ
အထီးကျန်သံစဉ်လေးတစ်ခုကို
သက်ပြင်းရှည်တွေနဲ့တစ်ယောက်ထဲ ညည်းနေမိတယ်
ငါ့စိတ်ပြတင်းပေါက်မှန်တွေကလည်း မိုးရေတွေနဲ့ ဝေဝါးလို့
ဘယ်သူမှမသိတဲ့ ငါ့အတွေးအိမ်လေးကလည်း
မုန်တိုင်းဒါဏ်ကြောင့် ယိုင်နေပြီ
ဆက်ဆောက်ရမှာလား၊ဖြိုပစ်ရမှာလား
လားပေါင်းများစွာက နားစည်ကို ဆက်တိုက်ဝင်တိုးနေကြတယ်
ငါ့ဦးနှောက်ကဆုံးဖြတ်ချက်ကိုငါ့ရင်ဖတ်ကငြင်းဆန်နေတယ်
ငါ့ချိန်တွယ်မှုတွေကဘဲ အိမ်လေးကိုဖြိုပစ်ရစေမဲ့ မုန်တိုင်းတစ်ခုဖြစ်စေခဲ့သလား
ငါမသိခဲ့ဘူး၊
ငါ့စိတ်တွေ ဝေဝါးနေတယ်
အခု ငါ … အရမ်းပင်ပန်းနေပြီ
(ဒီဇင်ဘာ ၂၀၀၆ )

သင်သေသွားသော်

သင်သေသွားသော်
ဆရာဇော်ဂျီရေးတဲ့ကဗျာတစ်ပုဒ်ရဲ့ ခေါင်းစဉ် မဟုတ်ဘူးနော်
သင်သေသွား ရမဲ့အကြောင်းကို တွေးဖူးလား ၊ ဘာကြောင့် ဘယ်လိုများတို့တတွေသေကြမှာလဲပေါ့၊
သင်ဘယ်တော့သေမယ်လို့တွေးမိလဲ နောက်ဆယ်စုနှစ်များစွာလို့တွေးမိကောင့်း တွေးမိမှာပေါ့၊ သင်တွေးတာသေချာရဲ့လား ဒါကိုသင်လည်းမသိတာတော့ သေချာတယ၊် ဘာဘဲပြောပြော သင်အပါအဝင် လူသားတိုင်း တစ်နေ့ သေမှာကတော့ မြေကြီးလက္ခက်မလွဲသေချာတဲ့ ကိစ္စပါဘဲ၊
သင်သေသွားတဲ့အခါကျရင်သင့်အသုဘကိုဘယ်နှစ်ယောက်လာမယ်ဘယ်သူတွေလာမယ်လို့တွေးဖူးလား၊သင်ဒီနေ့သေခဲ့ရင်သင်ဘာတွေနောင်တရနေမလဲ၊ဘာတွေကိုနောက်ဆံတင်းနေမလဲ၊ သေချာတာကတော့ သင့်အသုဘအပြီး နောက်ဆယ်စုနှစ်တွေကြာလာရင် သင့်အမျိုးတွေအပါအဝင် လူသားတွေက သင့်ကိုတဖြည်းဖြည်း မေ့သွားကြတော့မှာကတော့ တကယ့် အသေချာပါဘဲ
တကယ်လို့များ နောက်တစ်ပတ်ပြည့်တဲ့နေ့မှာ သင်သေတော့မယ် ဆိုရင်၊ ကျန်တဲ့ဒီ(၇)ရက်မှာ သင်ဘာလုပ်မယ် စဉ်းစားမိလဲ၊

ကျွန်မကတော့ဒီနေ့သေသွားရင်ဘာမှန်းညာမှန်းမသိသေသွားမှာဆိုတော့ ၊အရင်ဆုံးအဲလိုသေမဲ့ရက်ကို ကြိုသိခွင့်ရတော့ လုပ်သင့်တာလုပ်ဖို့ရတဲ့အတွက် ကျေးဇူးတင်မိမှာဘဲ ၊လုပ်ချင်ရဲ့နဲ့မလုပ်လိုက်ရသေးတဲ့အရာတွေကျန်နေမှာတော့ အသေချာဘဲလေ ၊အရင်ဆုံးတော့ ဆေးရုံပြေးမိလိမ့်မယ်ထင်တယ်၊ခန္ဓာကိုယ်မှာဘယ်လိုပြဿနာရှိနေလို့တစ်ပတ်အတွင်းသေရမှာလဲလို့စစ်ဆေးမယ် ၊ရှောင်လွဲနိုင်တယ် ကုလို့မှီသေးတယ်ဆိုရင် ကောင်းတာပေါ့ ၊ကုမရတော့ဘူး သေချာတယ် သေမယ်ဆိုရင်တော့လည်း တမျိုးစီစဉ်ရမှာပေါ့၊ မျက်ကြည်လွှာသွားမလှူရသေးတော့ကာ မျက်စိဘဏ်ကိုသွားပြီးလှူမယ၊် ခန္ဓာကိုယ်က လှူလို့လက်ခံတာအားလုံးလှူဖို့စာရင်းပေးခဲ့မယ်၊ အဖေက သွေးမလှူရဘူးဆိုတဲ့ ဂတိတောင်းထားပေမဲ့ သွေးလည်း လှူခဲ့လိုက်မယ်၊ဒီခန္ဓာကိုယ်က (၇)ရက်ဘဲရှင်သန်တော့မှာလေ၊ အိမ်အပြန်လမ်းမှာ ကျမချစ်တဲ့သူတွေ အားလုံး အတွက် လက်ဆောင်ကောင်းကောင်း တစ်ခုစီ ဝယ်သွားမယ်၊ ဘယ်သူ့ကိုမှတော့ကျွန်မ(၇)ရက်ပဲနေရတော့မယ်ဆိုတာပြောဖြစ်မှာမဟုတ်ဘူး၊ ပုံမှန်အတိုင်းလှုပ်ရှားနေမှာပါဘဲ၊ ဘုရားပိုရှိခိုးပြီး တရားတော့ပိုထိုင်ဖြစ်လိမ့်မယ်ထင်တယ်၊ နှစ်ရှည်သစ်ပင်တွေအများကြီးဝယ်ပြီးစိုက်မယ်၊ ဘေးနားကတွေ့သမျှလူတွေကိုပျော်ရွှင်အောင်တော့လုပ်ပေးဖြစ်လိမ့်မယ်၊သူငယ်ချင်းတွေအားလုံးတစ်ယောက်မကျန် အဆက်သွယ်လုပ်မယ်၊နောက်ဆုံးတစ်ရက်မှာတော့ကျွန်မအရမ်းချစ်တဲ့ ကောင်လေးတစ်ယောက်ကိုအဝေးကနေသွားကြည့်မယ်၊ သူပျော်သွားအောင် လက်ဆောင်တွေ တိတ်တိတ်လေးသွားပေးမယ်၊ ပြီးရင်အိမ်ပြန်လမ်းမှာ အိမ်က လူတွေကြိုက်တတ်တဲ့မုန့်တွေ ဝယ်သွားမယ်၊ ဖေဖေနဲ့မေမေကို အပြစ်လုပ်မိတာရှိရင်ခွင့်လွတ်ဖို့ ကန်တော့မယ်၊ ကျေးဇူးတင်တယ် ချစ်တယ်လို့လည်းပြောမယ်၊ ၊အမကိုလည်း ဖုန်းနဲ့ဖြစ်ဖြစ် လှမ်းပြီးချစ်တယ်လို့ ပြောမယ် ၊ပြီးသွားရင်တော့ ဘုရားစင်ရှေ့မှာ မျက်လုံးမှိတ်ပြီးတရားထိုင်နေတော့မယ်၊ ဒါလေးပါဘဲ…

သောကဘုံလေးသို့

အောက်ပါအချက်များကိုစိတ်ဆင်းရဲစရာတွေနဲ့ပြည့်နေတဲ့သော >သောကဘုံဘဝလေးကိုလိုချင်ပါကလိုက်နာကျင့်သုံးရန်ုဖြစ်သည်

>အသေးအမွှားကိစ္စများကိုတန်းလန်းတန်းလန်းအဆုံးမသတ်ဘဲထားပါ၊

>သင်ဘယ်လိုမှမပြုပြင်မပြောင်းလဲနိုင်တဲ့ကိစ္စတွေကိုထိုင်တွေးပြီးစိတ်ညစ်ပါ

>သင့်ပတ်ဝန်းကျင်ကလူတွေကိုအမြဲတမ်းအပြစ်မြင်ပါ

>သင်နားကသင့်ကိုချစ်တဲ့သူတွေကိုလည်းအမြဲစိတ်ပျက်စရာလို့တွေးပါ

>သင့်ရဲ့အားနည်းချက်တွေကိုဘဲ တွေးပြီးကောင်းမွန်စွာလုပ်ဆောင်ခဲ့တဲ့သင့်ရဲ့အရည်ချင်းတွေကိုအသိမှတ်မပြုပါနဲ့

>သင့်ထက်အဆင်ပြေနေတဲ့သူ၊ တော်တဲ့သူတစုံတယောက်ကို တွေ့ရင် သင်ရဲ့ညံဖျင်းမှု တွေကို ပြန်တွေးသတိရပြီး စိတ်ဆင်းရဲပါ၊

>သင့်ကိုတခြားလူတွေကြည့်နေသလိုတွေးပြီး တချိန်လုံးပြုမူလှုပ်ရှားပါ

>သင်ချစ်မြတ်နိုးတဲ့သူတွေကို ချစ်တယ် လို့ပြောဖို့ (၁၀)ပတ်ထက်မနည်းအချိန်ယူပါ

>ကလေးတွေကိုမုန်းပါ

>တခြားလူတွေသင့်ကိုဝေဖန်တာတွေကိုနားထောင်မိရင်လည်းနင့်နင့်ကာကာခံစားပြီးစိတ်ဆင်းရဲပါ၊ ဒေါသထွက်ပါ။

>ဟိုအရင်ကသင်လုပ်ခဲ့မိတဲ့အပြစ်တွေကိုလည်းလုံးဝမေ့မပစ်စေဘဲစိတ်ထဲမှာတနုံနုံတွေးပြီးညတိုင်းစိတ်ညစ်ပါ၊

မှတ်ချက်။ ။ ဖတ်ဖူးသော magazine တအုပ်မှဆောင်းပါးကိုတင်ပြခြင်းဖြစ်သည်။

Saturday, April 3, 2010

တိတ်တဆိတ်ကွယ်ဖျောက်ခြင်း

လသာတဲ့ကောင်းကင်မှာ ကြယ်လေးတွေတွဲလဲခိုလို့ အိကျလာတဲ့ မိုးသားတွေကိုကြည့်ရင်း
လိမ့်ကျလာတဲ့မျက်ရည်တွေကို ဘာနဲ့ဖုံးထားရမလဲ
ဝှက်ထားပေမဲ့လည်း ဘာလို့များငါ့မျက်လုံးတွေကို ဘာသာပြန်ခဲ့ရတာလဲ
စိတ်ထဲမှာဘယ်နှစ်ကြိမ်မှန်းမသိမြင်ယောင်မိတဲ့အပြုံးလေးကို ဖျောက်ပစ်ချင်မိတယ်
စိတ်ထဲမှာ ဘယ်နှစ်ကြိမ်မှန်းမသိရွတ်ခဲ့မိတဲ့ စကားလေးတစ်ခွန်းကိုလည်း
ငါ့ရင်ထဲမှာဘဲ သော့ခတ်ထားတော့မယ်
ကိုယ်ပိုင်မာနတစ်ခုအတွက်
ကိုယ်တိုင်ဖန်တီးမိခဲ့တာတွေကို
ငါ့စိတ်ရဲ့အတွင်းဆုံးနေရာတစ်ခုမှာ
ငါ့အိမ်မက်တစ်ခုနဲ့အတူ တိတ်တဆိတ် သချို င်္ ပစ်မယ်
အားလုံးသောအရာတွေကိုပေါ့…
(၂၈ ဒီဇင်ဘာ ၂၀၀၈)